သွားပိုးမစားအောင် ငယ်စဉ်ကတည်းက ကာကွယ်ကြစို့
သွားပိုးစားခြင်း (Dental Caries/ Tooth Decay) ဆိုတာ အဖြစ်အများဆုံး သွားနဲ့ခံတွင်းပြဿနာထဲက တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အချိုဓာတ်၊ ကစီဓာတ်စားသုံးမှု လွန်ကဲသူတွေမှာ ပိုအဖြစ်များပါတယ်။ သွားပိုးစားတာကို မကုသဘဲပစ်ထားမယ်ဆိုရင် သူ့အလိုလို ပျောက်ကင်းသွားမှာမဟုတ်ဘဲ နာတာရှည်ပြဿနာအဖြစ် ကျန်ခဲ့ကာ သွားပိုးပေါက်တွေ ဖြစ်လာစေနိုင်ပါတယ်။
သွားပိုးစားနေမှန်း သိနိုင်တဲ့ လက္ခဏာများ
- မကြာခဏ သွားကိုက်သွားနာဖြစ်တတ်ခြင်း
- သွားက လွန်ကဲတဲ့ အအေး၊ အပူဒဏ်ကို ခံနိုင်ရည်မရှိခြင်း
- ပူလွန်း၊ အေးလွန်း၊ ချိုတဲ့အစားအစာတွေကို စားသောက်လိုက်တဲ့အခါ စူးရှရှ နာကျင်မှုဝေဒနာကို ခံစားရခြင်း
- သွားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အပေါက်တွေကို အလွယ်တကူမြင်ရခြင်း
- အနက်၊ အညို ဒါမှမဟုတ် အဖြူရောင်အစွန်းအထင်းတွေကို သွားပေါ်မှာ မြင်ရခြင်း
- တစ်ခုခုကို ကိုက်လိုက်တဲ့အခါ နာကျင်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
သွားပိုးစားစေတဲ့ အကြောင်းရင်းများ
အပေါ်မှာ ပြောခဲ့သလိုပဲ ချိုလွန်း၊ ကစီဓာတ်များလွန်းတဲ့ အစားအစာတွေကို မကြာခဏစားသုံးခြင်းဟာ သွားပိုးစားစေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီး တခြားဖြစ်နိုင်တဲ့ တရားခံတွေကတော့
- ခံတွင်းသန့်ရှင်းမှု သေချာမလုပ်ခြင်း
- အဝါရောင်အရိအချွဲတွေ သွားပေါ်မှာ ရှိနေခြင်း
- သွားကျောက်တွေ ဖြစ်နေခြင်း
- ညအိပ်ကာနီး မုန့်ပဲသရေစာတွေ စားတတ်ခြင်း
- သွားတိုက်ပုံ မှားယွင်းနေခြင်း
- ရေသောက်နည်းပြီး ခံတွင်းခြောက်နေတတ်ခြင်း
- အစာအိမ်ပြဿနာတစ်ခုခု ရှိနေခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် သွားပိုးမစားအောင် ငယ်စဉ်ကတည်းက ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ အဓိက ကလေးအရွယ်တွေမှာ မုန့်ပဲသရေစာနဲ့ ချိုလွန်း၊ ငန်လွန်းတဲ့ အစားအစာတွေကို ပိုစားတတ်ပြီး အစားရွေးတဲ့သူတွေမှာ အာဟာရဓာတ်ချို့တဲ့တာကြောင့် သွားပိုးစားတဲ့ ပြဿနာတွေ ပိုအဖြစ်များပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ -
၁။ ကိုယ့်ကလေးရဲ့ မုန့်ပဲသရေစာ စားသုံးမှုပမာဏကို ကန့်သတ်ထားပါ။ မဖြစ်မနေ မစားရဘူးလို့ ပိတ်ပင်တာထက် တန်ဆေး၊ လွန်ဘေး တော်သင့်ရုံလောက် ကျွေးတာမျိုး လုပ်ပေးပါ။
၂။ မုန့်ပဲသရေစာတွေကို ကလေးတွေ မမြင်နိုင်တဲ့၊ လက်လှမ်းမမီတဲ့နေရာတွေမှာ ထားထားပါ။
၃။ ကိုယ်က စံနမူနာအနေနဲ့ ကလေးတွေရှေ့မှာ မုန့်ပဲသရေစာ စားတာကို လျှော့ချပါ။
၄။ ငယ်စဉ်ကတည်းက အစာအာဟာရပြည့်စုံအောင် စားတတ်ဖို့နဲ့ အစားမရွေးဖို့ ကလေးတွေကို သေချာလေ့ကျင့်ပေးပါ။
၅။ မနက်အိပ်ရာထတိုင်းတစ်ကြိမ်၊ အိပ်ကာနီး တစ်ကြိမ် သွားပုံမှန်တိုက်ပေးဖို့ ကလေးကို လေ့ကျင့်ပေးပါ။
၆။ ညဘက်တွေမှာ ကလေးတွေကို စောစောအိပ်ခိုင်းပြီး ညအိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီခြားလို့ အစာနောက်ဆုံးထား စားခိုင်းပါ။
၇။ (၆) လတစ်ကြိမ် မိသားစုလိုက် သွားဆေးခန်းပြပြီး ကိုယ့်သွားနဲ့ ခံတွင်းအခြေအနေကို ပုံမှန်စစ်ဆေးလို့ သန့်ရှင်းရေးလုပ်ပေးပါ။
၈။ ရေများများသောက်တဲ့ အကျင့်ကို မွေးပေးပါ။
၉။ Floss လိုမျိုး သွားပွတ်ကြိုးတွေဟာ သွားကြားထဲမှာ ကပ်ကျန်နေတဲ့၊ သွားတိုက်တံနဲ့ အလွယ်ကတူဖယ်ရှားလို့မရတဲ့ အစာဟောင်းတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဒီအလေ့အကျင့်ကိုလည်း မွေးပေးသင့်ပါတယ်။
၁၀။ ကလေးတွေ စနစ်တကျ သွားတိုက်အောင် မိဘတွေဘက်က သင်ကြားပြသပေးပါ၊ ဒီလိုမဟုတ်ရင်လည်း သွားဆရာဝန်ကို သင်ပေးဖို့အတွက် ပြောကြားပေးပါ။
သွားပိုးစားခြင်းဟာ အလွန်အဖြစ်များပြီး ကုသဖို့လည်း လွယ်တယ်ဆိုပေမယ့် မကုသဘဲ ပစ်ထားမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ များလွန်းတဲ့အတွက် ဒါကို သတိထားဆင်ခြင်လို့ ငယ်စဉ်ကတည်းက ကာကွယ်နိုင်မယ်၊ နေထိုင်စားသောက်မှုပုံစံကို ပြင်ဆင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်
test 02 Jul 2023 |
test 02 Jul 2023 |